ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ် - ဒရော့ဘာ

 








ဒရော့ဘာရယ်လို့ ပြောလိုက်မယ်ဆို အာဆင်နယ်အတွက် အိမ်မက်ဆိုး၊ မော်ရင်ညိုရဲ့ ဘုရင်ကြီး ၊ အာဖရိကတိုက်ရဲ့ကျွဲရိုင်းကြီး စသဖြင့် သိကြပေမယ့် ပြည်တွင်းစစ်ကို ရပ်တန်ခဲ့တဲ့ အဖြစ်ကိုတော့ သိတဲ့သူနည်းပါးပါတယ် ။

.....

AI-Merrikh ကွင်းဟာ ဆူဒန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အွန်းမ်ဒါမန်မှာတည်ရှိပေမယ့် ကမ္ဘာ့အခမ်းအနားဆုံးကွင်းတွေထဲက တစ်ခုတော့မဟုတ်ပါဘူး။ သို့တိုင်အောင်ပဲ ရဲတိုက်နီလို့ လူသိများတဲ့ကွင်းလေးဟာ ဘောလုံးကမ္ဘာရဲ့ အဆန်ပြားဆုံးပုံပြင်ကို ဖြစ်ပေါ်စေခဲ့ရာနေရာဖြစ်ခဲ့ပါတယ်။

ရက်စွဲအရ အောက်တိုဘာလ ၈ရက် ၂၀၀၅ ခုနှစ်။ သင်္ချာနည်းအရ ကမ္ဘာဖလားဝင်ခွင့်ကလည်း ရိုးရှင်းနေတယ်။ အီဂျစ်နဲ့ပွဲကို အနိုင်ရမှ ကင်မရွန်းတို့ဟာ သူတို့ရဲ့ ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကို ဆင်နွဲခွင့်ရမယ်။ သရေကျခဲ့ရင် ရှုံးခဲ့ရင် တမှတ်အလျော့နေတဲ့ အိုင်ဗရီကို့စ်တို့က ဆူဒန်ကို အနိုင်ယူပြီး သူတို့ပထမဆုံး ကမ္ဘာ့ဖလားပွဲကြီးကို ဆင်နွဲခွင့်ရသွားနိုင်မယ် ။

ရွှေရောင်မျိုးဆက်တွေရဲ့တောင့်တင်းမှုမျိုးကပဲ အောင်မြင်မှုတွေဆီခေါ်ဆောင်သွားနိူင်မယ်ဆိုရင် ၂၀၀၅ ခုနှစ်တုန်းက အိုင်ဗရီကိုစ့်လူစာရင်းဟာ အဲဒီအတိုင်းအတိအကျရှိနေတယ်။ သူတို့မှာ ခိုင်မာတောင့်တင်းတဲ့ လူစာရင်းရှိနေပြီး ဒီဒီယာဒ‎ရော့ဘာ၊ ကိုလိုတိုရေး၊ အီမန်နူရယ် အီဘိုးယေး ၊ ဒီဒီယာဇာကိုရာတို့အားလုံးဟာ အာဖရိက ရဲ့ ကမ္ဘာ တစ်ဖက်ဆီက လန်ဒန်နဲ့ ပရီးမီးယာလိဒ်အရပ်မှာ တောက်ပနေကြတယ်။

ယာယာတိုးရေးကလည်း ဂရိမြေအိုလံပီယာကိုစ့်မှာ ကစားနေပြီး တောက်ပလာမယ့် ကစားသမားဖြစ်နေပြီ။ ဒီလူစာရင်းဟာ အာဖရိကမြေပေါ်မှာ ဘယ်ပွဲအတွက်မဆို အသင့်ဖြစ်လို့ရတဲ့ လူစာရင်းပဲ။ ခြေစစ်ပွဲအဆင့်မှာ ကင်မရွန်းကို ၂ကျော့လုံးရှုံးထားပေမယ့် ဆူဒန်နဲ့ပွဲမှာ ပြန်လာပြဖို့ အားအင်အပြည့်ရှိနေတုန်းပဲ။

.......

အဲဒီလို အိုင်ဗရီကိုစ့်ကစားသမားတွေ သမိုင်းသစ်ရေးထိုးဖို့စောင့်နေချိန်မှာပဲ သူတို့ရဲ့အမိမြေကတော့ မှောင်အတိကျနေတယ်။

၂၀၀၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်က တိုင်းပြည်ကို နှစ်ပိုင်းခွဲထားတယ်။ သမ္မတ ဘတ်ဂ်ဘိုရဲ့ အစိုးရက တောင်ပိုင်းကို ထိန်းချုပ်ထားပြီး ဂူလယ်မီးဆိုရိုဦးဆောင်တဲ့ မြင့်မြတ်သော အိုင်ဗရီကိုစ့်တပ်မတော်သစ်ကမြောက်ပိုင်းကို ထိန်းချုပ်ထားတယ် ။

......

“ ရှောခ့်ရချင်စရာဖြစ်နေခဲ့ပါတယ်။ ကျနော့်အစ်မကို ဖုန်းခေါ်လိုက်တော့ အိမ်အပြင်ဘက်က ပစ်ခတ်သံတွေကိုကြားရပါတယ်။ သူတို့အားလုံးအိပ်ယာအောက်မှာ ပုန်းနေကြပြီး အစားအသောက် ရရှိဖို့အတွက်ပဲအပြင်ထွက်ကြပါတယ် ။ ကျနော် သိချင်တာကကျနော့်မိသားစု အဆင်မှပြေပါ့မလားဆိုတာပဲ ။ နေ့တိုင်းပဲ အဲ့တာကို စိတ်ပူနေခဲ့ရတယ်။ ”

အကြမ်းဖက်မှုတွေကတောင်နဲ့မြောက်ကွဲသွားပြီးနောက်ပိုင်း အနည်းငယ်ငြိမ်သက်သွားပါတယ်။ ၂၀၀၄ ခုနှစ် မှာ ရပ်သွားပေမယ် ၂၀၀၅ ခုနှစ်မှာ တင်းမာမှုတွေက မြင့်တက်လာပြန်ပါတယ်။ အနောက်အာဖရိကတိုင်းပြည်လေးရဲ့ အနာဂါတ်ဟာ မှောင်အတိကျလို့နေတယ်။

ဘောလုံးသမားတွေကတော့ နေ့စဉ့်ဒုက္ခရောက်နေတဲ့ အမျိုးသား အမျိုးသမီး တွေနဲ့ ကမ္ဘာ တစ်ခုလောက်ခြားနေပါတယ်။ ငွေကြေးက သူတို့ဘဝတွေကို ဘုရင်တွေလို ဖြစ်စေပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်နေတာကိုက စိတ်မကောင်းဖြစ်ရခြင်းအကြောင်းပါပဲ။ မီလီယံနဲ့ချီကြွယ်ဝတဲ့ဘ၀တွေမှာ နေနေရပေမယ့် ဇာတိမြေရဲ့ ဖြစ်ရပ်က သူတို့နဲ့ သက်ဆိုင်နေတယ်လို့ ခံစားကြရတယ် ။

၂၀၀၄ ဂျူလိုင်မှာ ဒရော့ဘာက ချဲလ်ဆီးအသင်းနဲ့ ယူကေစံချိန်တင်ပြောင်းရွှေ့ကြေး ၂၄ သန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပရီးမီးယားလိဒ်လေးကြိမ်၊ FA ဖလား လေးကြိမ်၊ ချန်ပီယံလိဒ်တစ်ကြိမ် ရယူနိုင်ခဲ့ပြီး အာဆင်းက သူတို့ကို သန်မာတဲ့ပုံစံနဲ့ဒုက္ခအကြိမ်ကြိမ်ပေးခဲ့တဲ့ ဒရော့ဘာ ဟာ ဘဝရဲ့နောက်ဆုံးအကြိမ်ထိ အောင်မြင်မှုတွေရယူနေမယ့်သူလို့ ချီးကျူးခဲ့ပါတယ်။

ဒရော့ဘာဟာ အိုင်ဗရီကိုစ့်ရွှေရောင်မျိုးဆက်ရဲ့ ခေါင်းဆောင်အစ်ကိုကြီးတစ်ယောက်ဖြစ်ပြီး အမြဲတမ်းအောင်နိုင်သူတစ်ယောက်ပါ။ ဒါပေမယ့် ဆူဒန်မှာ ရှိမယ့် ဖိအားကတော့ ဘယ်ဖိအားနဲ့မှမတူညီနေပါဘူး။

Yaounde မှာကန်မယ့် ကင်မရွန်း အီဂျစ်ပွဲစဉ်ရယ် အိုင်ဗရီကိူစ့်ဆူဒန်ပွဲစဉ်ရယ်ဟာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အိုင်ဗရီကိုစ့်တွေဘက်မှာတော့ နိုင်ကိုနိုင်ရမယ်ဆိုတာထက် လျော့လို့ နည်းနည်းမှမဖြစ်ပါဘူး။

အာရူနာဒင်ဒန်းဟာ အိုင်ဗရီကို့စ်ရဲ့ ဒုတိယဂိုးနဲ့တတိယအနိုင်ဂိုးတွေကို သွင်းယူထားချိန်ဖြစ်ပြီး ဆူဒန်ဘက်ကတော့ နှက်သိမ့်ချေပဂိုးကိုသွင်းယူထားချိန်ဖြစ်ပါတယ် ။ ဒါပေမယ့် မိုင်ပေါင်း ၁၆၀၀အကွာ က Yaounde မှာ အဖြစ်အပျက်တွေက လုံး၀ခြားနားနေပါတယ် ။

ကင်မရွန်းတို့က အစောပိုင်းမိနစ်၂၀မှာပဲ ဦးဆောင်ဂိုးသွင်းထားနိုင်ပေမယ့် ပွဲက ထင်ထားတာထက် အကြိတ်အနယ်ရှိနေခဲ့ပါတယ် ။ ၇၉ မိနစ်အရောက် အီဂျစ်ဘက်က ချေပဂိုးသွင်းလိုက်ချိန်မှာတော့ ကစားပွဲက ပိုပြင်းထန်လာပြီး အိုင်ဗရီကိုစ့်တွေအတွက်လည်းမျှော်လင့်ချက်တွေ လင်းလက်လာခဲ့ပါတယ် ။ အခြေအနေက သရေလေးပဲ ။ သူတို့ဆူဒန်ကို နိုင်ပြီး ကင်မရွန်းတို့ သရေကျယုံနဲ့ ကမ္ဘာဖလားဝင်ခွင့်ရပြီ။ စက္ကန့်ပိုင်းလေးပဲ ကျန်တော့လို့ အားလုံးပွဲပြီးနေဖို့ ဆုတောင်းနေကြတယ် ။ ဒရော့ဘာက သူ့အသင်းဖော်တွေနဲ့အတူရပ်နေတယ် ။ ရေဒီယိုကို နားထောင်ပြီး တိတ်ဆိတ်စွာစောင့်နေကြတယ် ။ သတင်းဆိုးကြီး သူတို့ကြားလိုက်ရတယ် ။ အချိန်ပိုမှာ ကင်မရွန်းတို့ပင်နယ်သီရသွားပြီတဲ့။ မျှော်လင့်ချက်တွေကို အဆုံးသတ်လိုက်ဖို့ပဲ ရှီတော့တာပေါ့။

မျှော်လင့်ထားတဲ့အရာက ချိုးဖျက်ခံလိုက်ရလို့ စိတ်ပျက်ပြီး အဲဒီမျှောလင့်ချက်မရှိတော့ ချိန်မှာပဲ အချိန်ကိုက်ဖြစ်လာပါတယ် ။ ပီရီ က ညာဘက်ကို ဒိုက်ပစ်လိုက်လို့ ဘယ်ဘက်ထောင့်ထဲ ဝင်သွားပြီထင်ရချိန်မှာ ဘက်မတင်လေးပဲ တိုင်ထိထွက်သွားတယ် ။

ကင်မရွန်းပလေယာတွေ ရပ်တန့် မှင်သက်ကြောင်နေကြပြီးဝမ်းနည်းမှုနဲ့ အတူ အင်္ကျီ

တွေကို မျက်နှာမှာ စွပ်ထားတာပေါ့ ။ သူတို့ ကမ္ဘာပျက်နေချိန်မှာ အိုင်ဗရီကိုစ့်တွေဘက်မှာတော့ပေါက်ကွဲထွက်သွားပါတယ်။ တစ်နိုင်ငံလုံး ၊ မိသားစုတိုင်း လူတစ်ယောက်ချင်းစီတိုင်းက ပျော်ရွှင်ရူးသွပ်ကုန်ကြပါတယ် ။

“ ကျနော်တို့ နိုင်ငံနှစ်ခြမ်းကွဲနေတာကြီးကို အားလုံးမေ့သွားတဲ့ နေ့တစ်နေ့ပေါ့ ” လို့ အဘစ်ဂျန်မှာ ရှိတဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ Hassane Omar က ပြောပြတယ် ။ စစ်မက်က လားတစ်ကောင်နဲ့ ကန္တာရကို ဖြတ်နေတုန်း ပျော်ရွင်မှုက သဲမုန်တိုင်းအဖြစ်နဲ့ အားလုံးကို ဖုန်းအုပ်သွားသလိုမျိုးလေ။

ဒီလိုမျိုး အသက်ရှုမှားလောက်စရာဘောလုံးပုံပြင်တစ်ပုဒ်ဖြစ်ပေါ်နေတဲ့ည ၊ အထူးဆန်းဆုံးအဖြစ် အိုင်ဗရီကိုစ့်လက်ရွေးစင်အသင်းသားတွေရဲ့ အောင်ပွဲခံမှုကို မမြင်ရဘူး ။ အောင်ပွဲခံမှုတွေကို မမြင်ရချင်းနဲ့အတူ တီဗွီကင်မရာတွေက ဘာများလဲဆိုတာကို အရမ်းသိချင်နေကြပြီး အဝတ်လဲခန်းဘက်ကို စုလာပါတယ် ။

ကစားသမားတွေဟာ တစ်ယောက်လက်ကို တစ်ယောက်ပခုံးပေါ် တင်ထားပြီး စုဝိုင်းနေတယ် ။ အားလုံးရဲ့ အလယ်မှာ ဒီဒီယာဒရော့ဘာ ရပ်နေတယ် ။ မိုက်ခရိုဖုန်းကိုလည်းကိုင်ထားတယ် ။

“ အိုင်ဗရီကိုစ့် က အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ။ ” သူစပြီးပြောလိုက်ပါတယ် ။ “ မြောက်ပိုင်းက ၊ တောင်ပိုင်းက ၊ အလယ်ပိုင်းက ၊ အနောက်ပိုင်းက အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ။ ဒီနေ့ ကျနော်တို့ အိုင်ဗရီကိုစ့်တွေအားလုံး အတူတစ်ကွရှိနေနိုင်ကြောင်းပြသနိုင်ခဲ့ကြပါတယ် ။ ကမ္ဘာ့ဖလားဝင်ခွင့်ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်မျိုးအတွက် အတူတကွ ကစားနိုင်ခဲ့ကြပါတယ်

ငါတို့ အခု သန့်စင်တဲ့ ပျော်ရွှင်မှုနဲ့အတူအားလုံးကို စုစည်းနိုင်ခဲ့ပါပြီ ။ ဒီနေ့ အားလုံးကို ဒူးထောက်ပြီး အနူးအညွတ်တောင်းဆိုလိုပါတယ် ။ အဲဒီအခိုက်အတန့်မှာပဲ ကစားသမားအားလုံး ဒူးတွေထောက်လိုက်ကြတယ် ။

အာဖရိက ရဲ့ အဖိုးတန်အရင်းအမြစ်တွေကြွယ်၀နေတဲ့နိုင်ငံတစ်ခုဟာ စစ်ပွဲကြောင့် မနစ်မွန်းသွားသင့်ပါဘူး ။ ကျေးဇူးပြုပြီး လက်နက်ချပေးပါ ။ ရွေးကောက်ပွဲကျင်းပပေးပါ ။ “

ဒရော့ဘာက မာတင်လူသာကင်းလို ပြောသွားခဲ့ တယ် ။ ပြီးတော့ ပျော်ရွှင်မှုရဲ့ အလျှင်နဲ့ပဲ ပျံ့နှံ့သွားပါတယ် ။ “ ငါတို့ပျော်ရွှင်မှုတွေလိုချင်တယ် ။ ဒါကြောင့် မင်းတို့လက်နက်တွေ ချပေးပါ ။” ဆိုတဲ့ သီချင်းသံကို အိုင်ဗရီကို့စ်အားလုံး သီဆိုကုန်ကြတယ် ။

အဲဒီအချိန် အိမ်တွေမှာတော့ပါတီကစနေပြီ ။ “ အောင်မြင်မှုတွေနဲ့ ဒရော့ဘာအားလုံးအတွက် ချီးယားစ် “ ။ ခွက်ချင်းတိုက်သံတိုင်းမှာ အိုင်ဗရီကိုစ့်လက်ရွေးစင်တွေရဲ့အမည်နာမတွေ ထွက်ပေါ်နေတယ် ။ မနက်ခင်းမှာ သူတို့ရဲ့ တိုင်းပြည်နှစ်ခြမ်းကွဲနေသေးလည်းပဲ ဒီပျော်ရွှင်မှုနဲ့ပဲ နိူးထလာတယ် ။ သူတို့ကို ကြည့်ရတာ အမှောင်ဆုံးနေ့ရက်တွေထဲမှာနေရင်း အဲဒီနေ့တွေပဲ မရှိခဲ့တဲ့အတိုင်း။ ပျော်ရွှင်မှုက အခက်အခဲတွေကို လှောင်ပြောင်တယ် ။

ကြီးကြီးမားမားအပြောင်းအလဲကြီးတွေ ချက်ခြင်းမဖြစ်သေးသည့်တိုင် ဖြစ်တော့မယ်ဆိုတာကိုတော့ မြင်လာရတယ် ။ ဒရော့ဘာနဲ့ အိုင်ဗရီကိုစ့်အသင်းသားတွေရဲ့ ဗီဒီယိုကလစ်ဟာ အိုင်ဗရီကိုစ့်နဲ့ သက်ဆိုင်သူအားလုံးကို စိတ်ထိခိုက်စေပြီး အပြောင်းအလဲတွေဖြစ်လာစေဖို့ အကြီးမားဆုံးတွန်းအားလိုဖြစ်လာတယ် ။

…..

ဘောလုံးကို ဖြူစင်စွာချစ်ကြတဲ့ အာဖရိက ရဲ့ တိုင်းပြည်တစ်ခုမှာ လိုက်လေဝေးလေ အိမ်မက်နှစ်ခုရှိပါတယ် ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နောက်တစ်ခုက ကမ္ဘာ့ဖလား ပါ ။ အခုတော့ ကမ္ဘာ့ဖလားကို သူတို့ပါဝင်ယှဉ်ပြိုင်ခွင့်ရပါပြီ။ အားလုံးညီညွတ်စွာနဲ့ ချီတက်နိုင်ခဲ့ကြပြီ ။ ဒီတော့ ကျန်နေသေးတဲ့ နောက်ထပ်အိမ်မက်တစ်ခုဆီကို ချီတက်ကြမယ် ။ ဒီနှစ်ခုကို နိူင်းယှဉ်ပြောထားတဲ့ ဗီဒိယိုကလစ်ဟာ မီဒီယာတွေ လူတွေရဲ့ ပါစပ်ဖျားမှာ ဆောင်ပုဒ်ဖြစ်လာတယ် ။ နှလုံးသားတွေက ငြိမ်းချမ်းလိုစိတ်ဖြစ်ပြီးတဲ့နောက်မှာ ပြောင်းလဲမှုကလည်း ကပ်ပါလာပါတယ် ။ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲဖို့ကြေညာပြီး နိုင်ငံရေးကို စားပွဲဝိုင်းပေါ်ရွေ့ကြတယ် ။

ဒီဇာတ်လမ်းက ဘယ်ဟောလိဒ်၀ုဒ်ဒါရိုက်တာမဆိုကြိုက်လောက်မယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး လူသားဆန်တဲ့ ဇာတ်သိမ်းမျိုးလည်းရှိပါတယ် ။

..... အိုင်ဗရီကိုစ့်တို့ ဆာဘီးယားကို နိုင်ပေမယ့် အာဂျင်တီးနားနဲ့ နယ်သာလန်ကို ရှုံး ပြီး အုပ်စုအဆင့်ကပဲ ထွက်ခဲ့ရပါတယ် ။ ဒါပေမယ့် လေးစားဖို့ ထိုက်တန်တဲ့ ပထမခြေလှမ်းပါလေ ။ အိုင်ဗရီကိုစ့်မှာလည်း ကမ္ဘာဖလားယှဉ်ပြိုင်ခွင့်ရအသင်းကို သူတို့ ဟီးရိုးတွေလိုဆက်ဆံကြတယ် ။

အဲဒီနောက်နှစ်မှာ ဒရော့ဘာက ဘယ်သူမှ မထင်ထားတဲ့ကြေညာချက်တစ်ရပ်ကို ကြေညာခဲ့တယ် ။ အာဖရိကအကောင်းဆုံးကစားသမားဆုကို ရယူပြီးအပြန်မှာ သူပုန်တွေအုပ်ချုပ်နေတဲ့နယ်မြေကို သွားရောက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ကြေညာချက်ဆိုတော့ထူးဆန်းနေတယ် ။

အိုင်ဗရီကိုစ့်ရဲ့ အိမ်ကွင်းပွဲစဉ်ကို မူလစီစဉ်ထားသလိုမဟုတ်ပဲ သူပုန်တွေ ရဲ့ နှလုံးသားလိုဖြစ်နေတဲ့ Bouake မှာကစားမယ် ။ “ လွန်ခဲ့တဲ့ နှစ်နှစ်က ဆို ဒါက စိတ်ကူးယဉ်လို့တောင်မရတဲ့ ကိစ္စပါ ။

ဒရော့ဘာက ဘတ်ဂ်ဘို အုပ်ချုပ်နေတဲ့ တောင်ပိုင်းက လာတဲ့လူလေ ။ ဒါပေမယ့် ဒီအချိန်မျိုးမှာတော့ သူက ဘုရားသခင်လိုမျိုးပဲ “ လို့ အဲဒီတုန်းက Vanity Fair magazine တစ်ခုမှာ သတင်းထောက်လုပ်နေတဲ့ Austin Merril က ပြောပြတယ် ။ မြောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ ထကြွလာခဲ့ပြီပေါ့ ။

“ အပြန်အလှန်လက်နက်ကိုင်‌တွေ စောင့်ကြပ်နေပြီး အစိုးရနဲ့ သူပုန်တပ်တွေဟာအေးအေးချမ်းချမ်းနဲ့ ဘောလုံးကွင်းတစ်ခုအတွင်းရှိနေမယ်ဆိုတာလုံး၀မယုံနိုင်စရာပဲ “ လို့ သူက ထပ်ပြောတယ် ။

အိုမာဆိုတဲ့သူကလည်း

“ အဲ့တာက ဘောလုံးဆိုတာထက်ပိုတယ်လို့အမြဲတမ်းခံစားရပါတယ် ။ လူတွေနေ့လည် ၁၂ လောက်ကြီးအလုပ်လုပ်နေတာကိုရပ်လိုက်ကြတယ် ။ ပြီးတော့ ဘီယာတွေသောက်ပြီး အောင်ပွဲခံနေကြတယ်။ ကျနော်တို့အားလုံး အတော်လေးပျော်နေခဲ့ကြတာ” လို့ ပြောပြတယ် ။

လေးဂိုးဂိုးမရှိနဲ့ အိုင်ဗရီကိုစ့်တို့အနိုင်ရနေခဲ့ပြီး နောက်ဆုံး ငါးဂိုးမြောက်ကို ဒရော့ဘာသွင်းယူလိုက်ချိန်မှာတော့ တကွင်းလုံးဆူညံပွက်လောရိုက်သွားပါတော့တယ် ။ ဒီနိုင်ပွဲ က နိုင်ငံကို နောက်ထပ်တစ်ကြိမ်စည်းလုံးစေခဲ့ပြန်ပါပြီ။

Gnahore ဆိုတဲ့သူကလည်း “ ကျနော်တို့အားလုံးပျော်နေကြပြီး ဒါကမှ အိုင်ဗရီကိုစ့်ရဲ့ စည်းလုံးမှုစစ်စစ်ပါ။ တိုရေးညီနောင်က မြောက်ပိုင်းက ဒရော့ဘာက တောင်ပိုင်းကလေ ။ ”

….


အမှတ်တ၇တွေက တိုးတောင်းပြီး ပြဿနာတွေက အဆပေါင်းများစွာရှည်လျားတယ် ။ ထင်မှတ်မထားတာတွေက တစ်ကြိမ်ထပ်ဖြစ်လာပါတယ်။ ငါးနှစ်ကြာပြီးတဲ့နောက်မှာ အကြမ်းဖက်မှုတွေ တစ်ခါ ထပ်ဖြစ်ခဲ့ပြီး လူပေါင်း သုံးထောင်ကျော်သေဆုံးခဲ့ရတယ် ။ ဒါပေမယ့် ဒါက နောက်ဆုံးမီးတောက်ပါ ။ သမ္မတ ဘတ်ဂ်ဘို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ တရားစွဲအပြစ်ပေးခံရပြီး အိုင်ဗရီကိုစ့်မှာ စစ်ပွဲတွေအဆုံးသတ်တယ် ။

…...

အိုင်ဗရီကိုစ့်ရွှေရောင်မျိုးဆက်ဟာ သူတို့ရဲ့ ဖြစ်တန်စွမ်းအထိ မဖြစ်ခဲ့တာမျိုးလည်းရှိပါတယ် ။ ၂၀၀၆ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ အာဖရိက ဖလားဖိုင်နယ်တက်ခဲ့ပေမယ့် ပင်နယ်သီနဲ့ ရှုံးရတာမျိုးတွေပေါ့ ။ ပိုပြီးကြီးမားတဲ့ပျော်ရွှင်မှုတွေကို ထပ်မံမယူဆောင်ပေးနိုင်တာတွေလည်း တာဝန်မကျေသလို ဖြစ်ခဲ့နိုင်တာပေါ့ ။

ဒါပေမယ့် သူတို့ဟာ အမှောင်မိုက်ဆုံးနေ့ရက်တွေမှာ ပျော်ရွှင်မှု နဲ့ မျှော်လင့်ချက်ကို အလင်းရောင်အဖြစ် ယူဆောင်လာပေးခဲ့တယ် ။အဆိုးဝါးဆုံးဒုက္ခတွေနဲ့ကြုံလာတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်ပြီး ရင်ဆိုင်တိုက်ခိုက်တတ်ရမယ်လို့ အိုင်ဗရီစ်ကို့ ပြည်သူတွေကို သင်ကြားပေးနိုင်ခဲ့ပါတယ် ။

ဒရော့ဘာဟာ ၂၀၁၈ မှာ ဘောလုံးသမားဘ၀က အနားယူခဲ့ပါတယ် ။ ဘောလုံးသမိုင်းမှာ သူပါဝင်ပတ်သတ်ခဲ့ရတဲ့ပုံရိပ်တွေထက်စာရင် အခုလို မျှော်လင့်ချက်တွေကို ယူဆောင်ပေးနိုင်ခဲ့တဲ့ အုပ်စုကို ဦးဆောင်ရတာက ပိုခမ်းနားချင်ပိုခမ်းနားနေမှာပါ ။

သူနဲ့ခေတ်ပြိုင် ရဲဘော်ရဲဘက်တွေဖြစ်တဲ့

ဂျိုးကိုလ်၊ အက်ရှ်လေးကိုး၊ လမ်းပတ်၊ ပီတာချက်တို့ဟာ ချဲလ်ဆီးကို နည်းပြတွေ လူငယ်နည်းပြတွေ နည်းစနစ်ဒါရိုက်တာတွေ အဖြစ်နဲ့ ပြန်လာကြပါတယ် ။ ဒီထဲမှာလည်း သူပါဝင်လာဖို့မရှိသေးပါဘူး ။

ချဲလ်ဆီးကိုပြန်မလာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဒရော့ဘာအမြဲပြောလေ့ရှိတာက “ အိုင်ဗရီကိုစ့်က သူ့ကို ပိုလိုအပ်ပြီး ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ်တဲ့။ “


RIO Sports Original Content

Comments

Popular posts from this blog

လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ